ဂရုဏာရှင်ယေဇူးထံ ဆုတောင်းမေတ္တာ။
ယေဇူး၊ မာရီယား၊ ဇူဇယ် ကျွန်ုပ်တို့အား ငြိမ်သက်ခြင်း ကို ပေးသနားတော်မူပါ။ ယခု လတ်တလော  တောင်းလျှောက်ရာ များကို ပေးသနားတော်မူပါ။ ယေဇူး၊ မာရီယား၊ ဇူဇယ် ကျွန်ုပ်တို့၏ အိမ်ထောင်စုများ အပေါ် ပေါများစွာ ကောင်းကြီးမင်္ဂလာကို သွန်းလောင်းပေးတော်မူပါ။ ကျွန်ုပ်တို့အား ကျေးဇူးတော်များနှင့် ပြည့်စုံစေပြီး၊ အထူးဆုကျေးဇူးများ ခံစားနိုင်ခွင့်ကို ပေးသနားတော်မူပါ။

 ထာဝရ အဖ ဘုရား - နေ့စဉ်မပြတ် အလိုရအပ်သော အရာအစား များကို ပေးသနားတော်မူပါ။


အိုယေဇူး - ပေါင်မုန့်များနှင့် ငါးများကို ပွားများစေတော်မူပါ။ အမိမယ်တော် သားသမီးတို့သည် တရားဓမ္မနှင့် အညီ နေထိုင် လျှင် ကျောက်ခဲများပင် စားဖွယ်သို့ ပြောင်းလဲပေးမည်ဟု မယ်တော် ထင်ရှား ပြစဉ်က ပြောင်းလဲစေတော်မူပါ။


အိုအဖ သံဇူဇယ် သားသမီးတို့ နေ့စဉ်နှင့် အမျှ ၀မ်းရေးအတွက် ရုန်းကန် လှုပ်ရှားမှု များကို အမြဲပါဝင် ကူညီတော်မူပါ။


အိုဂရုဏာရှင်ယေဇူး ကိုယ်တော်တိုင် သီလရှင် ဖော်စတီးနားအား အန္တရာယ် နီးကပ်ကျရောက်စဉ် ကိုယ်တော်၏ သနားခြင်း ပုံတော်အား ဂုဏ်ပြု ချိတ်ဆွဲထားသော အိမ်ထောင်စုကို၎င်း၊ မြို့ကို၎င်း အန္တရာယ်မှ ကင်းလွတ်စေမည်ဟု ဂတိတော်ပြုခဲ့ပါသည်။ အို သနားခြင်း ဂရုဏာရှင်ယေဇူး တပည့်တော်တို့သည် ကိုယ်တော်၏ ပုံတော်အား ဂုဏ်ပြု လွင့်တင် ထားပါသည်။ ဂရုဏာရှင် ယေဇူး ကယ်မ သနားတော် မူပါ။


သီလရှင် ဖော်စတီးနား၏ ရူပါရုံ၌  ဤကမ္ဘာလူသားတို့အား ဒဏ်ခတ် စီရင်ခြင်းငှာ ရောက်လာသော ကောင်းကင်တမန်တော်အား သနားတော် မူပါမည့် အကြောင်း  တောင်းပန်သော်လည်း  ကောင်းကင် တမန်မှ အလျှော့ပေးခဲ့ခြင်း မရှိပါ။ ကိုယ်တော်တိုင် သင်ကြားပေးသော သနားခြင်း ဂရုဏာ ပုတီးအားဖြင့် တရားမျှတသော ဒဏ်ခတ်ခြင်းကို ဆက်လက်ဆောင်ရွက် မည့် အဖ ခမည်းတော် မှ စေလွှတ်သော  ကောင်းကင် တမန်ပင်လျှင် အားအင် ကုန်ခမ်းခြင်း သို့ ရောက်ရပါသည်။


အိုသခင် သားသမီးတို့သည် ယခုပင် သနားခြင်း ဂရုဏာ ပုတီးအား ရွတ်ဆိုပါမည်။ ကျွန်ုပ်တို့၏ ရန်သူများအား စွမ်းအင် ကုန်ခမ်းစေတော် မူပါ။ ကိုယ်တော်၏ မွန်မြတ်လှသော အသွေးတော်အားဖြင့် လွှမ်းခြုံ ကာကွယ်တော်မူပါ။


သီလရှင် ဖော်စတီးနား - ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။